Monday, May 17, 2010

မျှော်လင့်ခြင်း

လူသည် မျှော်လင့်ခြင်းဖြင့် ဘဝ
ကိုစတင်ခဲ့သည်ဟု ကြားဖူးသည်။ မွေးကင်းစအရွယ် လူမမယ်ဘ၀ကပင် သူနှင့်
လိုက်လျောညီထွေသော ဘ၀အသိဖြင့် မိခင်ထံမှ လိုအပ်သောနို့ကို ရရှိရန်
မျှော်လင့်မှုရှိနေသည်။ ထိုသို့ ရှိနေခြင်းပင်လျင် လောကနိယာမ တစ်ခုအဖြစ်
ယှဉ်တွဲ၍ပါလာသော အမှန်တရားတစ်ခုလည်း ဖြစ်နေပြန်သည်။ ငယ်စဉ်ကာလ ကလေးဘ၀မှ စတင်၍
သက်တမ်းကုန်ဆုံးပြီး သေသည်အထိ မျှော်လင့်ခြင်းဖြင့်စ၍ မျှော်လင့်ခြင်းများ
ရင်ဝယ်ပိုက်ကာ သေဆုံး တတ်ကြသည်။

မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ တစ်နေ့မဟုတ်တစ်နေ့ သေရတော့မည်ကို
သေချာနေသော ဆေးရုံပေါ်က လူနာတစ်ဦးပင် အချိန်ကာလအားဖြင့် မကျန်ရှိတော့သည့်
သူ၏ဘ၀အတွက် မျှော်လင့်မှုများရှိနေတတ်သည်။ ထိုသို့ မျှော်လင့်ခြင်းများသည်
ဘ၀အပေါ် တွယ်တာမှုဖြင့် ပတ်သက်ဆက်နွှယ်နေပြီး မိမိဘ၀အပေါ်၊ မိမိမိသားစု
အသိုင်းအ၀ိုင်းအပေါ်၊ မိမိပတ်ဝန်းကျင်အပေါ်၊ မိမိနိုင်ငံအပေါ်၊
မိမိရှင်သန်ရာလူ့အဖွဲ့အစည်းပေါ် တွယ်တာမှုများသည် လူတို့၏ မျှော်လင့်တတ်သော
သဘာဝနှင့် ဆက်စပ်ပတ်သက်မှုမရှိဟု ငြင်း၍မရ၊ လူသည် အသက်ရှင်သန် နေထိုင်သ၍
သူ့အတွက်၊ ဘ၀အတွက် မျှော်လင့်ချက်များဖြင့် ရပ်တည်နေထိုင်လေ့ရှိသည်။
ဆိုလိုသည်မှာ လူသည် တစ်ခုမဟုတ် တစ်ခု မျှော်လင့်နေတတ် ကြပေသည်။
မျော်လင့်ချက်တစ်ခုအား အခြေတည်ပြီးမှ မျှော်လင့်သည့်ပန်းတိုင်သို့
ရောက်အောင်လျှောက်လှမ်း ကြသည်။ သို့သော် မျှော်လင့်ချက်သေသော
ဘ၀များအကြောင်းလည်း ရံဖန်ရံခါကြားရတတ်သည်။

လူတို့၏ မျှော်လင့်ချက် သေဆုံးပါက ဘ၀သေဆုံးသည်ဟု ကြားဖူးသည်။
ဖြစ်နိုင်ပါသည်။ မျှော်လင့်ချက်များ ဆိတ်သုဉ်းသောကာလသည်
ဘ၀တစ်ခုရှင်သန်နေလျှက်မှပင် အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။ သို့သော်
မျှော်လင့်ချက်မဲ့သော ဖြစ်ရပ်များ ကြုံတွေ့ရလေ့ ရှိသည့်အခါမျိုးတွင်
မိမိကိုယ်ကိုယ် ပဲ့ပြင်နိုင်ဖို့လိုပေမည်။ မိမိကိုယ်ကိုယ်
မတူညီသည့်ရှုထောင့်တစ်ခုမှကြည့်၍ Motivate လုပ်နိုင်ရန်လည်း လိုအပ်ပေလိမ့်မည်။
အဆိုပါ မျှော်လင့်ချက်များသည် ယုံကြည်မှုနှင့်လည်းပတ်သက် ဆက်နွှယ်နေတတ်သည်။
မိတ်ဆွေတစ်ဦးက "တစ်ခါတစ်ခါ ဘ၀မှာ မျှော်လင့်ချက်တွေ ပျောက်နေတတ်တယ်။ အဲဒီအခါ
ကိုယ့်ကိုယ်ကိုယ် မနည်းအားတင်းပြီး Motivate ပြန်လုပ်ရတယ်။ အနီးကပ်ဆုံး
တက်ကျမ်းတစ်ခုခု ဖတ်လိုက်တယ်။ ဒါမှမဟုတ် ကိုယ့်ကိုအကောင်းဆုံး motivate
လုပ်ပေးနိုင်တဲ့ ဆရာ တစ်ဦးဦးဆီမှာ သြ၀ါဒသွားပြီး ခံယူလိုက်တယ်။ ဒါမှမဟုတ်ရင်
တကယ့်အာဇာနည် ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ဘ၀ဖြတ်သန်းပုံတွေကို ပြန်ပြီး
လေ့လာလိုက်တယ်။ ဒီလိုနဲ့ motivation ပြန်ရလာပြီး အလုပ်တွေ အများကြီး
ပြန်လုပ်လာနိုင်တယ်။ မျှော်လင့်ချက်တွေ ရှိလာတယ်။ ဘ၀မှာ ရှုံးနိမ့်မှုတွေ
တွေ့ကြုံခံစားရရင်လည်း အဲဒါကို အဆုံးသတ်ပန်းတိုင်လို့ မသတ်မှတ်တော့ဘူး။
အဲဒီအတွက် မနက်ဖြန်များစွာအတွက် အင်အားတွေ ရှိလာတယ်"ဟု ပြောပြခဲ့သည်။

သူပြောသည့်အတိုင်း မျှော်လင့်ချက်ကင်းမဲ့သောဘ၀မျိုး၊ သို့တည်းမဟုတ်
ဘ၀ရဲ့အချိုးအကွေ့တစ်ခုကို ရောက်သည့်အခါတွင် မျှော်လင့်ကင်းမဲ့နေတာမျိုး
ကြုံဖူးသည်။ ဆရာတစ်ဦး ကလည်းပြောဖူးသည်။ ဘ၀တွင် အကောင်းဆုံးကြိုးစားဖို့နှင့်
ရလာသည့် ရလဒ်ကို ကျေနပ်ကြဖို့ ဖြစ်သည်။ သို့သော်
အကောင်းဆုံးကြိုးစားဖို့ဆိုသည်ကို လက်ခံ၍ရသော်လည်း ရလာသော
ဘယ်လိုရလဒ်မျိုးကိုမဆို လက်ခံဖို့ဆိုသည်မှာ အခက်အခဲရှိသည်။ သာမန်လူများ
လက်ခံနိုင်ခဲမည်၊ သို့မဟုတ် အဖြစ်အပျက်ပေါ်တွင်လည်း မူတည်နေပေလိမ့်မည်၊
စွန့်လွှတ်ရမည်က ဘ၀တစ်ခုထဲမဟုတ်၊ အများအတွက်ဆိုရင် ရလာတဲ့ရလဒ်နှင့်
တင်းတိမ်နိုင်ပါမည်လား စဉ်းစားစရာဖြစ်လာသည်။

သို့သော် အများအတွက် သို့မဟုတ် အမှန်တရားအတွက် အဆိပ်တစ်ခွက်ကို
အေးဆေးတည်ငြိမ်စွာ သောက်ပြီး ဘ၀ကိုအဆုံးသတ်ခဲ့သော ဆိုကရေးတီး၏ဖြစ်ရပ်က
အကောင်းဆုံးကြိုးစားပြီး ရလာတဲ့ရလဒ်ကို ကျေနပ်ခဲ့သည်ပဲလား။ We must shape our
destiny လို့ ခံယူထားပေမယ့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်မရှိတဲ့
လူတွေကရော ရလာတဲ့ရလဒ်ကို ဘယ်လိုလက်ခံမှာပါလဲ စဉ်းစားစရာပင်။

ငယ်စဉ်ခါတုန်းက ဖြစ်ရပ်ကလေးတစ်ခုကို သတိရမိသည်။ ဆယ်တန်းမှာ
အမှတ်များများရပေမယ့် ကိုယ်လိုချင်တဲ့လိုင်းကို မ၀င်တော့ စိတ်ပျက်ခဲ့ဖူးသည်။
မျှော်လင့်ချက်မဲ့သလို ခံစားရဖူးသည်။ ထိုစိတ်က လူတစ်ယောက်၏ ဘ၀ကို
ရှင်လျှက်နှင့် သေစေသည်။ ဆရာကပြောဖူးသည် ''ဘ၀မှာအောင်မြင်တဲ့ ဘ၀ကို ရမရဆိုတာ ၁၀
တန်း ဟူသော ပေတံဖြင့် မတိုင်းနဲ့''ဟူသော စကားဖြစ်သည်။

အသက်အရွယ်ရလာတော့ အမှန်တရားတစ်ခုအဖြစ် လက်ခံမိသည်။ ၁၀ တန်းမှာ
ကိုယ်လိုချင်သော လိုင်းကိုမ၀င်တာနဲ့ ထိုကလေးငယ်အတွက် ဘ၀တစ်ခု
သေဆုံးရတော့မည်လား၊ မဖြစ်နိုင်ပါ။ လူသည် အတ္တဖြင့်လူဖြစ် လာသောကြောင့်
မိမိလိုချင်သောအရာများ ရှိနေတတ်ကြသည်။ ထိုအတ္တကို အကောင်းဆုံး ပုံဖော်ဖို့လည်း
ကြိုးစားတတ်ကြသည်။ အမှန်တွင် မိမိလိုချင်သော အရာနောက်ကို သဲကြီးမဲကြီးလိုက်ပြီး
မဖြစ်နိုင်သည့်အရာပေါ်တွင် စိတ်ပျက်နေခြင်းထက်၊ ရရှိ လာသည့် အခြေအနေတွင်
သူတစ်ပါး ကောင်းကျိုးသယ်ပိုးနိုင်ခြင်းဖြင့်လည်း ပိုမို၍ အဓိပ္ပာယ်ပြည့်စုံသော
ဘ၀ကို ဖော်ကျူးနိုင်လိမ့်မည်။ ဆိုလိုသည်မှာ ဘ၀တွင် ထွက်ပေါက်မရှိဘူးဆိုသည်မှာ
မဟုတ်။ ကိုယ်မသိသော ထောင့်တစ်ထောင့်တွင် အခြားထွက်ပေါက် တစ်ခုရှိနေတတ်သည်။
ဘ၀ကတောင်းဆိုလာသည်ကို ပေးရသည်ဟူသော သဘောပင်ဖြစ်ပေလိမ့်မည်။

လူတိုင်း လူတိုင်းတွင် ပန်းတိုင် ရှိကြပေလိမ့်မည်။ သို့သော်
စိတ်ကူးထဲတွင် ပုံဖော်ထားသည့် ပန်းတိုင်ချင်းတော့ တူမည်မထင်။ တချို့ပန်းတိုင်က
ကိုယ်ကျိုးသက်သက် (self center) ဖြစ်သည်။ တချို့ပန်းတိုင်က အတ္တဟိတ၊ ပရဟိတ
မျှတသည်။ တချို့ပန်းတိုင်က ပေးဆပ်ခြင်းသက်သက်ဖြစ်သည်။ မည်သည့်ပန်းတိုင်ကို
ရွေးချယ်ချင်ကြပါသနည်း။ လွတ်လပ်စွာ ရွေးချယ်ခွင့်သည် သူတို့၏ ဘ၀အပေါ်
သတ်မှတ်ထားသော စံနှုန်းများဖြင့် သက်ဆိုင်ပေလိမ့်မည်။ criteria ပေါ် လိုက်ပြီး
ပန်းတိုင် အမျိုးအစား ကွဲလွဲနိုင်ပါသည်။

ထို့အတူ ပန်းတိုင်များ သတ်မှတ်မှုသည် ထားရှိသည့်
မျှော်မှန်းချက်နှင့်လည်း တိုက်ရိုက်ပတ်သက် နေပေလိမ့်မည်။ မျှော်မှန်းချက်
ကြီးမားလေ ရရှိရန်ခက်ခဲလေ ဖြစ်တတ်ပေသည်။ လောကတွင် ခက်ခက်ခဲခဲလုပ်
ယူရသည့်အရာဟူသမျှသည် တန်ဖိုး ကြီးကြီးမားမား ပေးရလေ့ရှိသည်။ စိုင်ကော်လို့
ချုံပေါ်ရောက်ခဲ့သော အောင်မြင်မှုမျိုးလည်း ဘ၀တွင် ရှိတတ်ကြသည်။ သို့သော်
ထိုချုံပေါ်မှ လူသည် အောက်သို့ပြန်မရောက်ရန် အရေးကြီးသည်ဟူသော အသိကြီးစိုး
လာသည့်အခါ နည်းလမ်းမျိုးစုံသုံး၍ ကာကွယ် စောင့်ရှောက်ရတော့မည်။ ထို့အတွက်
ဘ၀တစ်ခုကို ခဲရာခဲဆစ် ပုံဖော်ယူရပေလိမ့်မည်။ အကြောက်တရားသည်
ထိုသူ၏ရင်ကိုလောင်မြိုက်နေသော အစွန်းတရားတစ်ခုလည်း ဖြစ်လာပေမည်။

တချို့က မျှော်လင့်ချက်တစ်ခုဖြင့် ဘ၀ကိုအသက်ရှင်သည်၊
ခက်ခဲကြမ်းတမ်းမှုကိုလည်း သိသိနှင့်ပင် လျှောက်ကြသည်။ စိတ်ပိုင်းဆိုင်ရာ
မြင့်မြတ်မှုကို တည်ဆောက်ရင်း လူတစ်ယောက်အဖြစ် ရပ်တည်ကြသည်။ လောကတွင်
လူနှစ်မျိုးသာ ရှိသည်။ တစ်မျိုးမှာ စိတ်ဝါဒီသမား (spiritualist) ဖြစ်သည်။
တချို့ကား ရုပ်ပိုင်းဆိုင်ရာကြီးကျယ်ခမ်းနားမှုကို ရှာဖွေသော (materialist) များ
ဖြစ်သည်။ ပြောခဲ့သည့်အတိုင်း criteria ပေါ် မူတည်၍ ရွေးချယ်သည့်လမ်းကြောင်း
နှင့် ရပ်တည်ချက်များ ကွဲလွဲနိုင်ပါသည်။

သို့သော် ထိုနှစ်မျိုးနှစ်စားလုံးသော လူများတွင် တူညီစွာရှိနေသော
အရာများမှာ မျှော်လင့်ချက်ဖြင့်ရှင်သန်နေသော စိတ်ဝိညာဉ်များဖြစ်သည်။ သို့သော်
ဘ၀တွင်မျှော်လင့်သည့်အရာများသည် မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲသည်။ ထို့အတွက်
မျှော်လင့်ခြင်းများ ဆိတ်သုဉ်းသည့်ကာလများကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် မည်သည့်အရာမှ တစ်သတ်မတ်တည်း မြဲနေသည်တော့မဟုတ်ပါ။ မကောင်းသော၊
လိုလားနှစ်သက်ဖွယ် မရှိသော အနိဋ္ဌာန်ရုံများသည်လည်း ထာဝရမြဲသည့်
တရားမဟုတ်သကဲ့သို့ ကောင်းမွန်သည်ဟု အများလက်ခံထားသော သာယာဖွယ်၊
မက်မောဖွယ်ကောင်းသည့် ပစ္စုပ္ပန်များသည်လည်း ထာဝရတည်မြဲသည့်တရားမဟုတ်ပါ။
တစ်နေ့မှာတော့ ပြောင်းလဲကြဦးမည်။ သို့သော် လောကတွင် အပြောင်းအလဲ
မရှိသည့်တရားတစ်ခုတော့ ရှိပေလိမ့် မည်။ ''ယင်းကား မည်သည့်အခါမျှ
တစ်သမတ်တည်းမမြဲ''ဟူသော တရားဖြစ်သည်။ ထိုတရားနှင့်အတူ မြင့်မြတ်မှန်ကန်မှု၊
ကိုယ်ကျိုးစွန့်အနစ်နာခံ၊ သည်းခံခွင့်လွှတ်မှုတို့ဖြင့် ပြီးပြည့်စုံ
သောအမှန်တရားများသာ အတူယှဉ်တွဲကျန်ရစ်ခဲ့ပေမည်။ ထို့အတွက် လူတို့တွင်
မျှော်လင့်ချက် ဆိတ်သုဉ်းဖွယ်ရာမရှိ။ တစ်နေ့နေ့တွင် မိမိတို့
မျှော်လင့်ချက်များပြန်လည် သက်ဝင်လှုပ်ရှားလာနိုင်မည်။ အရေးကြီးသည်မှာ
ဆရာပြောခဲ့သည့် ၁၀ တန်း အောင်စာရင်းကရမှတ်သည် ဘ၀ကိုအဆုံးအဖြတ်မပေးဟူသော
အသိကိုသာမှတ်ယူနိုင်ရန် အရေးကြီးပါသည်။ တစ်နည်းအားဖြင့် ရလဒ်ထက်
လုပ်ဆောင်ချက်သည်သာလျှင် ပို၍အရေးကြီးသည်ဆိုသည့် သဘောမျိုးလည်း ဖြစ်ပေလိမ့်မည်။

လူသားတိုင်းတွင် အနာဂတ်ရှိသည်၊ မျှော်လင့်ချက်ရှိပါသည်။
တစ်ချိန်တည်းမှာပင် ဆိတ်သုဉ်းသွားသည့် အနာဂတ်နှင့်မျှော်လင့်ချက်ဟူ၍လည်း
ရှိနေတတ်ကြသည်။ ထိုကဲ့သို့ ကာလမျိုးတွင် မိမိကိုယ်ကိုယ်အကောင်းဆုံး
တည့်မတ်နိုင်ရမည်။ မှန်ကန်သော တွေးခေါ်မှုများ လိုအပ်ပေလိမ့်မည်။ တစ်နည်းအားဖြင့်
အကောင်းဆုံး ထွက်ပေါက်ပေးနိုင်ရမည်။ ထိုသို့ မဟုတ်ပါက ဘ၀ဟူသည် ယင်းကဲ့သို့
အချိန်ကာလမျိုးတွင် နေပျော်စရာမရှိ။ အနာဂတ်သည်ေ၀၀ါးနေသောကြောင့်
မျှော်လင့်ချက်များလည်း ဆိတ်သုဉ်းနေတတ်ကြသည်။ သို့သော် အရေးကြီးသည့်အချက်မှာ
လူတို့တွင် မနက်ဖြန်များစွာ ရှိနေကြသည်။ ပြီးခဲ့သည့် အတိတ်ထဲတွင် တစ်ဝဲလည်လည်
ဖြစ်နေစရာမလို၊ ပစ္စုပ္ပန်မှ ငြီးတွားသံများ အနိဋ္ဌာရုံများကိုချည်း
အာရုံစိုက်နေစရာမလို၊ မမြင်ရသော အနာဂတ်ကို ခံစားစိတ်ဖြင့်ေ၀၀ါးနေမည့်အစား
အကောင်းမြင်ဝါဒ(optimism) မွေးပြီး အကောင်းဆုံးရင်ဆိုင်ရန်သာ
နှလုံးသွင်းအပ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မျှော်လင့်ချက်များ
ဆိတ်သုဉ်းခဲ့သော် လူသားအားလုံးတို့၏ ဘ၀ကား မွန်းကျပ်မှုအတိဖြင့်
ရပ်တည်ကြရပေလိမ့်မည်။ ထွက်ပေါက်မဲ့နေပေလိမ့်မည်။ ဘ၀သည်
တွယ်ရာမဲ့ဖြစ်နေလိမ့်မည်။ မနက်ဖြန်များစွာအတွက် အားအင်များကုန်ခန်းနေလိမ့်မည်။

No comments:

Post a Comment