Friday, January 8, 2010

နွားနို့တစ်ခွက်

တစ်ခါက…….. ပစ္စည်းသေးသေး မွှားမွှားလေးတွေကို အိမ်ပေါက်စေ့ လိုက်လံရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ပါတယ်… တစ်နေ့တော့… အဲဒီလို ဈေးလိုက်ရောင်းရင်း ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေပါပြီ…. သူ့လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်.. အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေပမာဏ မဟုတ်တော့ပါဘူး….ဒါကြောင့် အိမ်တစ်အိမ်အိမ်မှာ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်…. သို့သော်လည်း….. သူခေါက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ သူ တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒါနဲ့ဘဲ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေ လို့သာ သူ့နှုတ်က ထွက်သွားခဲ့ပါတယ်……. မိန်းမပျိုလေးက ကြည့်လိုက်တာနဲ့ သူ့ရဲ့ ဆာလောင် မွတ်သိပ်နေမှုကို သိမြင်လိုက်ပါတယ်..

ဒါကြောင့် နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်..ကောင်လေးက ဖြေးညင်းစွာသောက်ရင်းက မေးလိုက်ပါတယ်….



“ ဒီနွားနို့အတွက် ကျွန်တော် ဘယ်လောက်ပေးရပါမလဲ ခင်ဗျာ “

မိန်းကလေးက ပြန်ဖြေပါတယ်…

“ဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး.. ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ အတွက် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက် မခံဖို့ ကျွန်မကို သင်ပေးထားပါတယ် “

“အိုး… ဒီလိုဆိုရင်ဖြင့် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ…. ”

ကောင်လေးက ပြန်ပြောပြီး အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်…

နွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ အင်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက် လာတယ်လို့ သူယုံကြည်လာတယ်.. လောကကြီးမှာ ခုန နွားနို့တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲလှတဲ့ သူ့ဘ၀အနေ အထားကြောင့် ဘ၀ကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်.. ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ……

နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်.. အဲဒီမြို့က ဆရာဝန်တွေလဲ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေတယ်….. နောက်ဆုံးတော့ မြို့ကြီးက ဆေးရုံကြီးတစ်ရုံမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးနဲ့ ကုသဖို့ ခေါ်လာပါတယ်… အဲဒီဆေးရုံက ဆရာဝန်ကြီးဟာ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ ကြားလိုက်ရော.. ထူးဆန်းတဲ့ လင်းလက်မှုလေး တစ်ခု သူ့မျက်လုံးမှာ ပေါ်လာပါတယ်… သူ ရုတ်တရက် အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျှော ၀င်သွားပါတယ်.. ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာ မိန်းကလေးကို သွားကြည့်ပါတယ်.. ချက်ခြင်းဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

သူ့ရဲ့ ဆေးကုသခန်းထဲကို ပြန်ဝင်လာပြီးတော့ သူမအသက်ကို ကယ်ဖို့အတွက် သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်…… အဲဒီနေ့ကစလို့ ဆရာဝန်ကြီးဟာ သူကိုယ်တိုင် အထူးဂရုစိုက်ပြီး အကောင်းဆုံး ကုသမှုကိုပေးပါတယ်.. ရက်ပေါင်း အတော်ကြာတဲ့အခါမှာတော့ ဆရာဝန်ကြီး အနိုင်ရသွားပါပြီ.. လူနာအသက်ကို သူ ကယ်လိုက် နိုင်ပါပြီ…. ဆရာဝန်ကြီးက ဆေးရုံကုသစရိတ် ပေးချေရာဌာနမှာ မိန်းခလေး အတွက် ကျသင့်တဲ့ ဆေးဖိုး ကုန်ကျစရိတ် ဘီလ် စာရွက်ကို သူ့ဆီကို ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်….. ဘီလ် ရောက်လာတဲ့အခါ ဆရာဝန်ကြီးက တစ်ချက် ကြည့်လိုက်ပြီးတော့ ဘီလ်ရဲ့ အောက်ဆုံးမှာ တစ်စုံတစ်ခုကို ရေးချလိုက်ပါတယ်….. ရေးချလိုက်ပြီးတဲ့ အခါမှာတော့ မိန်းခလေးဆီကို ပို့ခိုင်းလိုက်ပါတယ်..

မိန်းခလေးဆီကို ဘီလ်စာရွက် ရောက်လာတဲ့အခါမှာ စာရွက်ကို ဖွင့်ကြည့်ဖို့သူမ ကြောက်ရွံ့နေမိပါတယ်…. သေချာတာ တစ်ခုကတော့ ဒီဆေးကုသစရိတ်ကို သူမကျန်ရှိနေတဲ့ ဘ၀တစ်လျှောက်လုံး ဆပ်ရင်တောင် ကြေနိုင်မယ် မထင်ပါဘူး…. သို့သော်လည်း နောက်ဆုံးတော့ စာရွက်ကို သူမ ဖွင့်ကြည့်လိုက်ပါတယ်.. ဖွင့်လိုက်တဲ့ အခါမှာတော့ စာရွက်အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးက သူမရဲ့အာရုံ တစ်ခုလုံးကို ဖမ်းစားထားလိုက်ပါတယ်….

” ကျသင့်သမျှ ဆေးဖိုးအားလုံး နွားနို့တစ်ခွက်နဲ့ ပေးချေပြီးပါပြီ ”

အောက်မှာတော့ သူမငယ်စဉ်က နွားနို့တစ်ခွက်တိုက်ခဲ့ဖူးတဲ့ ကောင်လေးရဲ့နံမည်ပါ….

ခုချိန်မှာတော့ ဆရာဝန်ကြီး “ဟောဝတ်ကယ်လီ” ပါ….

http://www.funzug.com/index.php/stories/kindness-pays-well-story.html ဒီနေရာလေးကနေ ဘာသာပြန်လိုက်ပါတယ်

No comments:

Post a Comment