Wednesday, February 17, 2010

လူငယ်လေးတစ်ယောက်...........

ဒီချာတိတ် ကျွန်တော် ကြည့်နေတာ ကြာပြီ။ မြင်လိုက်တိုင်း မျက်စိထဲ ရှုပ်ယှက်ခတ် နေတာပဲ ခရော့စ်ပဲ။ ပုံစံက ဟစ်ဟော့ အဆိုတော် လိုလို၊ ရက်ပ်ပါ လိုလို၊ သိတယ် မဟုတ်လား။ ဘောင်းဘီ အတိုအပွ၊ လူရုပ်တွေပါသည့် တီရှပ် အင်္ကျီ ရှည်ရှည်ကြီးတွေနဲ့။ ပြီးတော့ ကျောက်နားကပ်က ပန်လားပန်ရဲ့။

ရူပါက မဆိုးချင်သော်လည်း သူ့ရဲ့ လျှပ်ပျာ လျှပ်ပျာနဲ့ ပျာယာ ခတ်နေသည့် ပုံစံကြောင့် စိတ်ပျက်စရာ ကောင်းအောင် အရုပ်ဆိုး လှသည်။ ထိုးထိုး ထောင်ထောင် ဆံပင်ကိုလည်း နီကြောင်ကြောင် အရောင် ဆိုးထားလိုက်သေး၊ အသက်ကတော့ ရှိလှ ၁၈ နှစ် ၀န်းကျင်ပေါ့။ ကျွန်တော်ဆိုသည့် ကောင်ကလည်း ပုံစံကျ နေတတ်တာ ခေါက်ရိုး ကျိုးနေပြီ။ ပလီစိ ချောက်ချက် အဒေါ် အပျိုကြီး တစ်ယောက်၊ အစ်မ အပျိုကြီး နှစ်ယောက်၏ အရိပ်အောက်မှာ ပိစိကွေးလေးကတည်းက တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် နေခဲ့ရသူပေါ့။ လူစည်ကားသော ဆင်ခြေဖုံး ရပ်ကွက် တစ်ခုမှာ ဆေးခန်း ဖွင့်ထားသည်။

ကားကို ကိုယ်တိုင် မောင်းပြီး သွားသည့် “ဒေါက်တာ သက်ထွန်းမောင်” ဆိုသည့် ကျွန်တော်သည် ထိုဝန်းကျင်မှာ လူသိထင်ရှားလာပြီး မေတ္တာ ရှေ့ထား၊ စေတနာကိုသာ အဓိက လက်ကိုင်ထား သူမို့ အားလုံး၏ ယုံကြည် အားထားမှုကို ပိုင်ဆိုင် ရရှိခဲ့သည်။ ထိုနေရာမှာ တစ်နေ့ နှစ်ကြိမ် ဆေးခန်း ဖွင့်ခဲ့တာ သုံးနှစ်မျှ ရှိခဲ့ပြီ။

ရှေးရိုး ကွန်ဆာဗေးတစ် ဆန်သော အဒေါ်၊ အစ်မတွေကို ဆေးခန်း စောဖွင့်ရမည်ဟု အကြောင်းပြကာ အိမ်မှ ထွက်သည်။ အချိန်ရလျှင် ရသလို သပ်ရပ်သော လက်ဖက်ရည်ဆိုင်မှာ ဘရိတ်ဖတ်စ် ၀င်စားသည်။ နေ့စဉ် မျက်နှာချင်း ဆိုင်ခဲ့ရသော ထမင်းကြော်နှင့် သမားရိုးကျ နှပ်ထားသော ကော်ဖီကို သွေဖည်၍ လက်ဖက်ရည် ဆိုင်ထိုင်ရခြင်းသည် ကောင်းလှပေစွ။ အာရုံတွေကို လွှတ်၊ အမြင် အာရုံများကိုလည်း ဖြန့်ကြက် ထားပြီး လက်ဖက်ရည် ကျကျ တစ်ခွက်ကို မုန့်ဟင်းခါးတို့၊ ပဲအီကြာ၊ အုန်းနို့ခေါက်ဆွဲတို့နှင့် အပြတ်နှံလိုက်လို့ကတော့ ကျွန်တော့် အဖို့ တစ်နေ့လုံး လန်းပြီပေါ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော့် အသက်ကလည်း ဘာရှိသေးလို့လဲ။ ခုမှ အစိတ်တောင် မပြည့်တတ်သေး။ ဟိုချာတိတ်လို ပရမ်းပတာ ပုံစံမျိုး မဟုတ်ဘဲ လူငယ်တို့ ဘာသာဘာဝ လွတ်လပ်စွာ တောင်ပံခတ်ချင်တာတော့ အမှန်ပါပဲ။ ဒါကြောင့် သည်ချာတိတ်နှင့် မကြာခဏ ဆုံဖြစ်သည်။ ကျွန်တော့် စိတ်ထဲ သူ့ကို “အာရုံ”လို့ပဲ ပေါ့ပေါ့ ပါးပါး မှတ်ထားမိသည်။

အခန်း ၂။
သည်နေ့ လက်ဖက်ရည် ခပ်ကျကျ တစ်ခွက် မျှောချ ခံစားနေဆဲ အာရုံတစ်ယောက် ဆိုင်ထဲ ပျာယီးပျာယာ ၀င်လာသည်။ အဖုံးပါသော အိတ်မည်းကြိုး ရှည်ရှည်ကို သိုင်းလွယ်ပြီး ရှုပ်ယှက်ခတ်နေသည့် ဒီဇိုင်းနှင့်ပေါ့။ ကျွန်တော့် စားပွဲ ၀ိုင်းနှစ်ဝိုင်းကျော်မှ လူရည်သန့် နှစ်ယောက် ထိုင်နေကြသည့် စားပွဲမှာ ၀င်ထိုင်သည်။ သူ့ကြည့်လျှင် ဘာမှသာ မဟုတ်တာ။ သူခေါ်ပြော ဆက်ဆံ သူတွေက လူကြီးပိုင်း များ၏။ လူလတ်ပိုင်းတွေလည်း မရှားပါဘူး။

ကျွန်တော် စွေကြည့်မိသည်။ အာရုံ တစ်ယောက် သူ့စလွယ်သိုင်း အိတ်ထဲမှ စာရွက် တစ်ရွက်ကိုထုတ်၊ ဘောပင်ကိုပါ အဖုံးဖွင့်ပေးပြီး ထိုလူရည်သန့် နှစ်ယောက်ရှေ့မှာ ချပေးလိုက်သည်။ တစ်ယောက်က စာရွက်ကို သေချာ ဖတ်ပြီး လက်မှတ် ထိုးပေးနေပုံ ရသည်။ ဘာတွေမှန်း မသိပေမယ့် သည်ချာတိတ်၊ ဘာအခွင့်အရေးကို တောင်းဆို နေသလဲမှ မသိတာ။ သူ့ပုံက ကြုံရင်ကြုံသလို ကစ်မည့်ပုံပါပဲ။ ထိုလူကလည်း ဘာကြောင့် ရှောရှောရှူရှူ လက်မှတ် ထိုးပေးနေသလဲ။ ကိုယ်နဲ့တော့ မဆိုင်ပါဘူး။

မကြာပါဘူး။ အာရုံက စာရွက်ကို သေချာခေါက်၊ အိတ်ထဲ ပြန်ထည့်ပြီး ခေါင်းကလေး ညိတ်၊ ခါးကလေးကိုင်း၊ နှုတ်ဆက်ပြီး ပြုံးပြုံးလေးနှင့် အလျင်အမြန် ထွက်ခွာသွားတော့သည်။ တစ်ခဏတွင်းမှာ လူကြီး တစ်ယောက်ဆီက လက်မှတ်ကို အပိုင် ဆွတ်ခူးရယူ သွားပြီပဲ။ တတ်လည်း တတ်နိုင်သည့် အာရုံ။

အဲသည် အနေအထားမျိုး ကျွန်တော် လေးငါးကြိမ်ထက် မနည်း တွေ့ခဲ့ဖူးသည်။ တစ်ခါတော့ အာရုံနှင့် အတူ သူ့ရွယ်တူလောက် ရှိသည့် ကောင်မလေး တစ်ယောက် ကလေးငယ်ကို ပွေ့ပိုက်ပြီး လက်ဖက်ရည်ဆိုင် တွင်းသို့ ၀င်လာတာ တွေ့ရသည်။ ကျွန်တော် စိတ်ဝင်စားသွားသည်။ ကလေးမကတော့ တအင့်အင့်နှင့် ရှိုက်ငိုနေသည်။ အာရုံက တတွတ်တွတ်နှင့် အီနေလေရဲ့။ ခဏ ကြာတော့ အာရုံ ကောင်တာသို့ ထသွားသည်။ လက်ဟန် ခြေဟန်ဖြင့် တစ်စုံတစ်ရာ ပြောနေသည်။ ဟိုကလည်း ခေါင်းတညိတ်ညိတ် လုပ်ကာ လေးနက်စွာ နားထောင် နေပုံပါပဲ။ ပြီးတော့မှ အာရုံ လက်ဖက်ရည်နှင့် မုန့်များ ယူဆောင်လာပြီး မိန်းမငယ်ရှေ့၌ ချကာ သူကိုယ်တိုင် မတိုက်ရုံ တမည် လောကွတ် ပိုနေလိုက်ပုံများ မျက်စိ နောက်စရာ။ မကြာမီ ကလေးမ အငိုတိတ်ပြီး လက်ဖက်ရည်နှင့် မုန့်ကို အားရပါးရ စားတော့သည်။ အာရုံက လက်ဖက်ရည် တစ်ခွက်ကို တဖူးဖူးမှုတ်ကာ ဇွန်းကလေးနှင့် ကလေးငယ်ကို တိုက်သည်။ ကလေးငယ်က အငမ်းမရ သောက်ရှာသည်။ အာရုံကတော့ ဘာမျှ မစားသောက်ပါချေ။ အံ့သြဖွယ် မြင်ကွင်းကို ကျွန်တော် တွေတွေကြီး ငေးကြည့်နေမိပါသည်။

ဒီလိုနဲ့ ကျွန်တော်ဟာ အာရုံကို တဖြည်းဖြည်း စိတ်ဝင်စားနေမိမှန်း မသိအောင် ၀င်စားနေမိသည်။ ဟော ကြည့်နေရင်းမှာပင် အာရုံသည် သူ့စလွယ်သိုင်း အိတ်ကို ဖွင့်ပြီး ငွေစက္ကူ အချို့ကို ယူသည်။ ကလေးမ လက်ကို ဆွဲယူပြီး ငွေကို အတင်း ထည့်နေပြန်သည်။ ကလေးမ တစ်ကျော့ ပြန်ငိုရာ အာရုံ စိတ်ရှုပ်ပုံ ရသွားသည်။ ခေါင်းကုတ် ဆံပင်ဖွ ပစ်ပြီး တစ်ဖန် ချော့မော့ရပြန်ရော။ အခြေအနေ တည်ငြိမ်သွားတော့မှ အာရုံလည်း ကလေး ကို သူကိုယ်တိုင် တယုတယ ပွေ့ချီပြီး ဆိုင်ထဲမှ စွတ်ခနဲ ထွက်ခွာ သွားကြတော့သည်။ အာရုံဆိုသည့် ချာတိတ်ဟာ ဣတ္ထိယ ဘာသာရပ်မှာလည်း ကျွမ်းကျင် နှံ့စပ်ပုံရသည်။ တော်တော် သွက်သည့် ကောင်ပဲ။ ဘာတွေများ အရှုပ်ထုပ် လုပ်ထားပြန်ပြီလဲ မသိပါဘူး။

အခန်း ၃။
ခန်းစီးစ လှုပ်ရှားသွား၍ ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး ကြည့်လိုက်တော့ အာရုံရယ် အဘွားအို တစ်ဦးကို ပွေ့ပိုက်ချီမပြီး ကျွန်တော့် ဆေးခန်းထဲ ၀င်လာသည်။ လူနာခုတင်ပေါ် မတင် နေစဉ် သူ့နောက်မှာ အမျိုးသမီး တစ်ဦး ဖိုသီ ဖတ်သီနှင့် ၀င်ချလာသည်။ လူနာရှင် ဖြစ်ပုံရသည်။ လက်ထဲမှာတော့ အပြင်ဘက်က ကျွန်တော့် ဆေးခန်း အကူ ရေးပေးလိုက်သည့် ဆေးမှတ်တမ်း စာအုပ်ကို ကိုင်ထားသည်။

“ဖိုးထူး၊ ကျေးဇူးတင်တယ်နော်၊ အပြန်လည်း လာကြိုဦးနော်”

“ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်တော် ဦးလေး ချစ်အိမ် မီးသွေးအိတ် ပို့ပြီးတာနဲ့ အမြန် ပြန်လာခဲ့မယ်၊ ခဏလေးပါပဲ”

အနီးကပ်ကြည့်တော့မှ မျက်နှာက နုနုဖပ်ဖပ်လေး၊ နူးညံ့ သိမ်မွေ့သော ဟန်ပန်များကို အထင်းသား မြင်တွေ့နေရသည်။ အာရုံ ထွက်သွားတော့မှ သိချင်စိတ်ဖြင့်
“သူက ဆိုက်ကားဆရာလား”

“ဟုတ်ပါတယ် ဒေါက်တာ။ ဖိုးထူးက ဆိုက်ကား နင်းရုံမကဘူး၊ အလုပ်ပေါ်ရင် ပေါ်သလို အစုံ လုပ်တယ်။ နောက်ဆုံး အိမ်လိုက် မိုးချင်လည်း မိုးတာပဲ။ တော်တော် ၀ီရိယကောင်းပြီး ကြိုးစား၊ နိုးကြားတဲ့ ကလေးပေါ့။ တစ်ရပ်ကွက်လုံး သူ့ကို အားထားနေကြတာ၊ သူမပါရင် ခရီး မတွင်သလိုပဲ။ ပရဟိတစိတ်လည်း သိပ်ရှိတာ။ အခုကြည့်လေ၊ မေမေ ဆေးခန်း လာဖို့ ကျွန်မ တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေလို့ ဖိုးထူး ကိုပဲ အကူအညီ တောင်းရတာလေ”

“သြော်”

ကျွန်တော် အာစေးမိသွားသည်။ သည်ချာတိတ်ဟာ ကျွန်တော့်ကို တော်တော် အာရုံစားစေတာပဲ။ လေဖြတ်ထားသော လူနာကို လိုအပ်သည့် ကုသမှုများ လုပ်ရင်း အာရုံ အကြောင်း တွေးနေမိသည်။ ဆေးထိုးပြီး သောက်ရန် ဆေးအညွှန်းများ ရေးနေစဉ် အာရုံက သူရောက်ကြောင်း အသံပြုသည်။ မြန်လိုက်တာဟု တွေးမိသည်။

“ဖိုးထူးရေ၊ ကူပါဦး”
ခေါ်သံကြားတာနှင့် စွေ့ခနဲ ရောက်လာသည်။ အဘွားအိုကို ညင်သာစွာ ပွေ့ချီကာ အခန်းပြင်သို့ ထွက်သွားသည်။ လူနာရှင်လည်း ဆေးယူရန် အခန်းပြင် ထွက်လုဆဲ။ ကျွန်တော် မနေနိုင်တော့။

“ဒီချာတိတ်က ဘယ်မှာ နေတာလဲဗျ၊ ကျောင်းကောမနေဘူးလား”

“ဒေါက်တာလည်း စိတ်ဝင်စားသွားပြီ ထင်ပါရဲ့။ သူ့အကြောင်း ပြောရရင် အရှည်ကြီးပါ။ နေတာတော့ ဟိုဘက်လမ်းက စိတ္တသုခ ဘုန်းကြီးကျောင်း မှာပေါ့။ ကောင်လေးက ကွန်ပျူတာ တက္ကသိုလ် တက်နေတာ ဒေါက်တာရဲ့။ နောက်ဆုံးနှစ်တောင် ရောက်နေပြီ”

“သြော်” ကျွန်တော် ဒုတိယအကြိမ် “သြော်”ရ ပြန်သည်။ သူတို့တစ်တွေ ဆေးခန်းမှ ထွက်ခွာသွားသော်လည်း ကျွန်တော့် အတွေးထဲ “အာရုံ”သာ တိမ် တစ်စလို တလူလူ တလွင့်လွင့်နှင့် စီးမျော စိုးမိုး ကျန်ရစ်သည်။

အခန်း ၄။
“ဖြစ်မှဖြစ်ရလေ မမလွင်ရယ်၊ မိုးတွင်းကြီး ဈေးထဲ ရွှံ့တွေ၊ ဗွက်တွေက ထူသနဲ့၊ စိန်တုံကို ခိုင်းလိုက်ရောပေါ့”

ကျွန်တော် ကရုဏာစိတ်ဖြင့် ပြောတော့ မမလွင် တစ်ယောက် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေရှာသည်။ အမှန်တော့ မမလွင်သည် အိမ်ဖော် စိန်တုံ လုပ်တာကိုင်တာကို အကြိုက်မတွေ့လှ။ ဈေးဝယ်ခိုင်း ပြန်တော့လည်း အချိုးမပြေဖန် များတော့ နဂိုက အပျိုကြီး ဇီဇာကြောင်သူမို့၊ ကိုယ်တိုင် ဈေးဝယ်ထွက်တာ မဆန်းဘူးပေါ့။ ထိုနေ့က ဈေးဝယ်ပြီး အပြန် ရွှံ့ဗွက်တွေ ကြားပတ်ကွေ့ရင်း ရှောင်ရှားရင်းနှင့် ခေါင်းထဲမူးလာကာ လဲကျ သွားခြင်းဖြစ်သည်။

နံနက် ၁၀ နာရီမို့ ကျွန်တော် ဆေးရုံ ရောက်နေချိန် ဖြစ်သည်။ မမလွင်ကို သိသူ တစ်ယောက်က ကျွန်တော်ရှိရာ ဆေးရုံသို့ လာရောက် ပို့ပေးပုံရသည်။ မမလွင်မှာ သွေးတိုး အခံလည်းရှိတာမို့ ယခုလို ဖြစ်ရသည်။ လဲကျချိန်တွင် သတိရှိလို့သာ လက်ထောက်မိ၍ လက်ကောက်ဝတ် နေရာ ကျိုးသွားခဲ့သည်။ ခေါင်းနဲ့သာ ကျပါက ပိုပြီး အထိနာဖွယ် ရှိသည်။ အရိုးအကြော အထူးကု ဆရာဝန် ဒေါက်တာအောင်ဆင့်က မမလွင်လက်ကို ကျောက်ပတ်တီး စည်းရန် ပြင်ဆင်နေသည်။

ကျွန်တော် မမလွင်အား ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးလာသူကို ကျေးဇူးတင်စကားပြောရန် အပြင်သို့ထွက်လာသည်။ အခန်းတံခါးဝနား အရောက် အပြင်မှ စိတ်ဝင်စားစရာ စကားသံများ ကြားလိုက်၍ အသာရပ် နားထောင်နေမိသည်။

“ဒေါက်တာက ကျွန်တော်တို့ ရပ်ကွက်သားတွေ အပေါ် မေတ္တာ၊ စေတနာ ရှေ့ထားပြီး ဆေးကုသနေတာ မဟုတ်လား။ ဒေါက်တာ့အစ်မ အခုလို မူးလဲ တာတွေ့တော့ ကျွန်တော့် ကျောင်းချိန် နီးနေပေမယ့် မျက်နှာ မလွှဲရက်ဘူးဗျာ၊ အမှန်တော့ ဒီနေ့ ကျောင်းမှာ အရေးကြီး သင်ခန်းစာ အသစ် သင်မှာ၊ မတတ်နိုင်ဘူး၊ တစ်ဆင့်ပြန်မေးရမှာပဲ။ နောက်တစ်ခုက အရေးထဲဗျာ၊ ကိုခင်မောင်ပေါ့။ သူ့ကားကို ငှားတာ ငါးထောင်တောင်းလို့ ကျွန်တော့်မှာ သုံးထောင်ပဲ ပါတယ်၊ လိုက်ခဲ့ဗျာ ဆိုပြီး မနည်း တောင်းပန်ခေါ်ခဲ့ရသေးတယ်၊ တော်တော်ဆိုးတဲ့လူ”

ကျွန်တော့် ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသည်။ ဒီချာတိတ် အပေါ် ကျွန်တော် အမြင်စောင်းမှုကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ ခွင့်ရလိုက်သည်။ ပုံစံက ဂျစ်ပစီဆန်သော်လည်း မနောက ဆွတ်ဆွတ် ဖြူပေစွ။ နောက်ဆက်တွဲ အသံကို နားစွင့်နေမိပြန်၏။

“အေး၊ ဒါနဲ့ ဟိုတစ်လောက အေးကြည်မ တစ်ယောက် သူ့ယောက်ျား နောက်မိန်းမ ယူသွားတော့ ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တာ အဲဒီ ကောင်မလေးကို မင်း တစ်နေရာ ပို့လိုက်တယ်ဆို၊ မမြင်တာ ကြာပြီကော”

“ဘယ်ပို့ရမှာလဲ ဘကြီးထွန်းရ။ သူ့ကို အေးအေးဆေးဆေး ချော့မော့ပြီး သီလရှင် စာသင်တိုက်က ဇရပ်မှာ ခဏပြောင်း နေခိုင်းလိုက်တယ်။ ကျွန်တော် နေတဲ့ ဘုန်းကြီးကျောင်းနဲ့ နီးတော့ သူ့ကို အနီးကပ် ကူညီ စောင့်ရှောက် နိုင်တယ်လေ။ ကလေးကလည်း ငယ်သေးတယ် မဟုတ်လား။ မိဘတွေကလည်း မရှိကြတော့ဘူး ဆိုတော့ အားကိုးရာမှ မရှိတာ။ သူ့ယောက်ျားကလည်း လုပ်ရက်တယ်ဗျာ။ ဒါပေမယ့် သူ့ကို ကျွန်တော် သွားတွေ့ပြီး ဆွေးနွေး ထားပါတယ်။ အခြေအနေ ကောင်းမှာပါ။ ဟိုတစ်ဖက်က ကောင်မလေးလည်း ယောက်ျား ငုတ်တုတ်နဲ့။ ကလေးက နှစ်ယောက်ဆိုတော့ အချိန် ကြာကြာမြဲမှာ မဟုတ်ဘူး”

ကျွန်တော် ဆုံခဲ့ရသော လက်ဖက်ရည်ဆိုင်က မြင်ကွင်းကို မြင်ယောင်လာသည်။ ကျွန်တော် မှားပြန်ပြီ။ ပညာတတ် လူငယ်ဖြစ်ပြီး ကျွန်တော် အတွေးတိမ်ခဲ့သည်။ အပေါ်ယံ ရှပ်ကြည့် မိခဲ့သည်။ ကျွန်တော် ခံယူထားသည့် လူငယ်ဆိုတာ အချိန်နှင့် အမျှ သူ့နေရာမှာ သူအံဝင်ခွင်ကျ ဖြစ်နေရမည်။ သပ်ရပ်သော ၀တ်စား ဆင်ယင်မှုနှင့် အနာဂတ်ကို ရိုးသားစွာ ဖြတ်သန်းပြီး စံပြုလောက်သည့်သူ ဖြစ်ရမည်ဆိုတာ ကျွန်တော် ဆုပ်ကိုင်ထားသောစံ။

ခုတော့ အာရုံ၏ ပုံစံက ဂျလေပီ ဆန်လှသည်။ ၀တ်စားဆင်ယင်မှုက ဖရိုဖရဲ။ ကြည့်မြင်လေတိုင်း လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ ကျင်လည် ကျက်စား နေသလို ရှုပ်ထွေးစွာ လောကကြီးထဲ လေလေလွင့်လွင့် တိုးဝင်နေသည်ဟု ကျွန်တော် ခံစားမိသည်။ အခုတော့ တစ်မျိုးကြီးပါလား။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ဘ၀င်မကျနိုင်သေး။

စကားသံများ ရပ်စဲသွားတော့ ကျွန်တော် အပြင်သို့ ထွက်လိုက်သည်။ အာရုံနှင့် အတူ ဆေးရုံစောင့် ဦးဘထွန်းကို တွေ့ရသည်။ ကျွန်တော့်ကို မြင်တော့ အာရုံက လက်ကလေးပိုက်ပြီး ခေါင်းညွှတ် နှုတ်ဆက်သည်။ ကျွန်တော် ကျေးဇူးတင် စကားပြောပြီး သူ့ကိုအိတ်ထဲက ငွေစက္ကူ အနည်းငယ် ထုတ်ပေးလိုက်သည်။

“မင်းစိုက်ထားတဲ့ ကားခတော့ ပြန်ယူပါကွာ။ ကျေးဇူးအများကြီး တင်ပါတယ်”

အာရုံက တောက်တောက်ခါးခါး ငြင်းဆန်ကာ လက်မခံဘဲ ခပ်သွက်သွက် နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ ကျွန်တော် စေတနာ အမှား တစ်ခု ကျူးလွန်မိပြန်ပြီလား။ လူကြီးတွေဆီမှာ အခွင့်အရေး တစ်ခုအတွက် လက်မှတ် ထိုးခိုင်းနေတာ မြင်ယောင်လာတော့ သက်ပြင်းရှည်တစ်ခု ချမိသည်။ ဒီလိုဆိုတော့ ကျွန်တော် မမှားတန်ဟု ထင်သည်။

အခန်း ၅။
ကြားသိလိုက်ရသော အာရုံ အကြောင်းကတော့ မယုံကြည်နိုင်စရာပါပဲ။
မမလွင် ဆေးရုံက ဆင်းတော့ ရပ်ကွက်ထဲက ထဘီ အပြာဝတ် ဆရာမကြီး ဒေါ်ခင်မေသက်က မကြာခဏ မမလွင်လက်ကို စစ်ဆေးကြည့်ရှုဖို့ ရောက်ရောက် လာတတ်သည်။ သူက အရိုး အကြော အထူးကု ဒေါက်တာအောင်ဆင့်၏ လက်ထောက် သူနာပြု ဆရာမကြီးမို့ နားလည် တတ်ကျွမ်းသည်။ ဒေါ်ခင်မေသက်နှင့် မမလွင်တို့ စပ်မိစပ်ရာ ပြောကြရင်း အာရုံအကြောင်း သိလာရသည်။ မမလွင်က သူသိလာသမျှကို ကျွန်တော့် အား ဖောက်သည် ချလာသည်။ ဒီချာတိတ်က မိဘမရှိ၊ ဆွေမျိုးသားချင်း မရှိသည့် တစ်ကောင်ကြွက်။ ဘုန်းကြီးကျောင်းမှာ မှီခိုရင်း ကျောင်း ဝေယျာဝစ္စများ လုပ်ကိုင်ပေးရင်း ကြီးပြင်း လာခဲ့သည်။ ဘုန်းတော်ကြီး ပညာသင် ကျောင်းမှာပဲ မူလတန်း ပညာကို ကြိုးကြိုးစားစား လိုလိုချင်ချင် သင်ယူခဲ့သူ။ ပညာရည် ထူးချွန် ထက်မြက်ပြီး လိုချင်စိတ် ပြင်းပြမှုကို ဆရာတော် သိရှိသဖြင့် အလယ်တန်း ပညာကို အစိုးရကျောင်းမှာ ဆက် သင်စေသည်။ ထိုမှ တစ်ဆင့် အထက်တန်း ပညာကိုပါ ဆက်သင်ခွင့်ရကာ အခြေခံပညာ အထက်တန်း စာမေးပွဲကို အမှတ် ကောင်းကောင်းနှင့် အောင်မြင်ခဲ့သည်။ ယခုအခါ ကွန်ပျူတာ တက္ကသိုလ် ၀င်ခွင့်ရခဲ့သည်ဆိုပဲ။

သူ၏ နိစ္စဓူဝ လှုပ်ရှားမှုများက အတုယူစရာ ကောင်းလှသည်။ အရုဏ်တက်ကတည်းက သံဃာ ဝေယျာဝစ္စများကို စတင်လုပ်ကိုင် ဆောင်ရွက်ပေးပြီး လူမှုရေး ကိစ္စများကို ကျောင်းမသွားမီ ပြေးလုပ်လိုက်သေးသည်။ အထူးသဖြင့် နာရေးကို ဦးစားပေးကာ လှုပ်ရှားတတ်တာပါပဲ။ သေစာရင်း၊ ထောက်ခံစာ၊ နာရေး ကူညီမှုအသင်းသို့ ဆက်သွယ် အကြောင်းကြားရေး၊ အအေးတိုက် ပို့ဆောင်ရမည့် ကိစ္စရပ်များပါ မကျန်၊ တာဝန်ရှိ လူကြီးများနှင့် တွေ့ဆုံသင့်တာ တွေ့ဆုံ၊ ထောက်ခံစာများ ရယူသင့်တန် ရယူသည်။ အခြားလူမှုရေး ကိစ္စရပ်များ ရှိလျှင်လည်း အချိန်ရလျှင် ရသလို ကူညီပေးတတ်သေးသည်။

ကျောင်းက ပြန်လာတော့လည်း ကျောင်းစရိတ် အတွက် ဆိုက်ကား နင်းသည်။ ည ၈ နာရီ နောက်ပိုင်း ရပ်ကွက်ထဲက စာမလိုက်နိုင်သော ကျောင်းသားကလေးများကို နားလည်သည် အထိ အခမဲ့ သင်ကြားပေးသည်။ စနေ၊ တနင်္ဂနွေရက်များတွင် ၁၀ တန်း ဖြေမည့် ကလေးများကို အင်္ဂလိပ်စာဂိုက် (Guide) လုပ်ခြင်းဖြင့် ကျောင်းစရိတ်နှင့် အသုံးစရိတ် အတွက် ရှာရပြန်သည်။ ထူးခြားတာ တစ်ခုက အာရုံသည် အင်္ဂလိပ်စာမှာ တော်တော် လေ့လာကာ ထူးချွန် ထက်မြက်သည်တဲ့။ သူ၏ ကျားကုတ် ကျားခဲ အားထုတ်မှု၏ ရလဒ်ပေါ့။

သူ၏ သင်ကြား ပို့ချမှု အစဉ်တိုင်းမှာ အလျဉ်းသင့်လျှင် သင့်သလို သူ၏ ယုံကြည်ချက်၊ ဖလော်ကို လူငယ်တွေ ရင်ဘတ်ထဲ ပျံ့နှံ့စိမ့်ဝင်အောင် ပညာပေး တတ်ပုံက လူကြီးများပင် သဘောကျ လက်ခံကာ ပြောစမှတ်ပြုလာသည် အထိပင်။“အနာဂတ်ဟာ ငါတို့ လက်ဖ၀ါးပေါ်မှာပဲရှိတယ်” ဘယ်လောက် ပိုင်လိုက်သည့် အပြောလဲ။

“လူငယ် ဘ၀မှာ မက်ခွင့်ရှိတဲ့ အိပ်မက်တွေက အများကြီး၊ ဆရာဝန် ဖြစ်ချင်သလား၊ တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ဖြစ်ချင်သလား၊ စစ်ဗိုလ်ကြီး ဖြစ်ချင်သလား၊ စီးပွားရေး ပါရဂူကော ဖြစ်ချင်သေးသလား၊ ပြီးတော့ ကမ္ဘာကို ပတ်ချင်သူလည်း ဖြစ်လိုက်ဦး၊ အားလုံးဖြစ်ခွင့် ရှိတယ်။ ဒါပေမယ့် ဘာကြီးပဲ ဖြစ်ချင်နေပါစေ၊ လူဆိုတာ ကိုယ့်ပတ်ဝန်းကျင် အတွက် အကျိုးပြုနိုင်တဲ့ အဖိုးတန်သူ တစ်ယောက် ဖြစ်နေဖို့ပါပဲ။ ဘ၀ မမေ့ရဘူး”တဲ့။
ပြီးတော့ ရှိသေးသည်။

သူပြောတာ “ဒီနေ့ ကမ္ဘာကြီးဟာ ပြားနေပြီ။ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို လှမ်းမြင်နေရပြီမို့ လမ်းရိုးကြီး အတိုင်း လျှောက်နေလို့ မဖြစ်တော့ဘူး။ အချိန်နဲ့ တစ်ပြေးတည်း အညီ မြန်မြန် မြှင့်တင်ပြီး စက်ကုန် ဖွင့်ဖို့ပဲ လိုတယ်။ သူရဲကောင်းတွေ၊ အာဇာနည်တွေ၊ အောင်မြင်သူတွေနဲ့ ဟောဒီ ကမ္ဘာကြီး အကြောင်းသိဖို့ စာများများ ဖတ်ပါ။ အထူးသဖြင့် အင်္ဂလိပ်စာကို ခြေတစ်ပေါင်ကျိုး မဟုတ်ဘဲ ရေသောက်သလို လွယ်ကူ ချောမောအောင်၊ ပျံနေအောင် လေ့လာရမယ်”တဲ့။

ပြီးတော့ ကွန်ပျူတာဆိုတာ တို့တစ်တွေ ကြိုးဆွဲသလို လှုပ်ရှားနေရမယ့် အရုပ်လို ဖြစ်နေစေရမယ်တဲ့။ နောက် အင်တာနက်ဆိုတာ ကလည်း လွယ်အိတ်ထဲက စာအုပ် တစ်အုပ်လို ဖြစ်နေစေရမယ်။ ဒီနေ့ ကြိုးစားခြင်းဟာ အောင်မြင်ဖို့ တစ်ဝက် သေချာနေပြီ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ပြောင်းမှ ရတာပါတဲ့။ ဘယ်လောက်ကောင်း လိုက်သည့် ဒိုင်တွေလဲ။ အူကြောင်ကြား ဒိုင်တွေ မဟုတ်ဘူး။ မှတ်သားစရာ အပြည့်ပါသော ခွန်အားရှိသည့် စကားတွေပါပင်။

ဒီလိုပါပဲ။ အာရုံကတော့ လူငယ်ထဲက လူငယ်တစ်ဦးပီပီ သူပြောချင်၊ လုပ်ချင်၊ ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောသည်။ ရင်ဘတ်ချင်း ဂျက်ပင် ထိုးသည်။ လူငယ်ထုကလည်း သူ့ဆီက ဗဟုသုတဖြစ်ဖွယ် စကားများကြား လာရသောအခါ သူ့ကို အားကျကြ၏။ အတုယူကြ၏။ ဒါကြောင့် သူက ထပ်တလဲလဲ စည်းရုံးပြန်သည်။

လူကြီးတွေ ထက်စာရင် လူငယ်တွေဟာ အချိန်နှင့် အခွင့်အရေးတွေ ပိုရှိတာကို သူသေချာ သိနေသည်ပဲ။ သူ့ဘ၀ ခက်ခဲစွာ ရုန်းကန်ခဲ့ရသော်လည်း တစ်ခါလဲရင် ဆယ်ခါ ပြန်ထဖို့ အားသွန်ခွန်စိုက် စိတ်ဓာတ်ရှိဖို့ လိုတာကို သူသိသည်။ သူသိတာတွေ လူငယ် အားလုံးဝေမျှ ထောက်ပြသည်။

ကျွန်တော်လည်း လူငယ် ဆရာဝန် တစ်ဦးပါပဲ။ ဆေးပညာရပ်ကို အတိုင်းအတာ တစ်ခုအထိ သမားရိုးကျ သင်ယူ ဆည်းပူးခဲ့သည်။ အလုပ်ခွင် ပြင်ပ အချိန်များတွင် ဆေးခန်းဖွင့်ကာ လူမှုရေး ဦးစားပေးပြီး ကုသခဲ့သည်။ စမ်းသပ်ခ မယူဘဲ ဆေးဖိုးကို ဈေးနှုန်း အချိုသာဆုံး ထားပေးသည်။ ဒါကိုပင် ကျွန်တော်က ကိုယ့်ကိုယ်ကို လူမှုရေး ပရဟိတသမားဟု အကြီးကြီးယူဆ ထားခဲ့သည်။

သို့သော် ယနေ့ အာရုံဆိုသည့် လူငယ်လေး တစ်ယောက်ကို အရှင် လတ်လတ် မြင်တွေ့လိုက်ရတော့ စိတ်ထားနှင့် ဝေငှပုံချင်း ကွာခြားလှပါဘိ။ ကျွန်တော်က ပါးပါးလေး၊ သူက အထူကြီး၊ ဘ၀ကို စိန်ခေါ်မှုများစွာနှင့် အံတု ဖြတ်သန်းနေပုံကတော့ အားမာန် အပြည့်ဖြင့် ခပ်မြင့်မြင့် ပျံသန်းနေသော လင်းယုန်ငှက်ကလေး တစ်ကောင်လိုပါပဲလား။ ရုတ်တရက် ကြည့်လျှင် သူ့စကားတွေက ကြီးကျယ်သယောင် ထင်ဖွယ်ရှိသော်လည်း လက်တွေ့ လုပ်ရပ်များက မငြင်းနိုင်အောင်မို့ ရင်ထဲက ကျိတ်ပြီး မချီးမွမ်းဘဲ မနေနိုင်အောင်ပင် ဖြစ်ရသည်။ ကျွန်တော် မှားပြီထင်ပါသည်။

သူ၏ သွက်လက် လှုပ်ရှားမှုများကို အမြင်ကျဉ်းမြောင်းစွာ ကြည့်မိတာတွေ၊ အပေါ်ယံ ၀တ်စားဆင်ယင်မှုကိုကြည့်ပြီး အထင်သေးမိတာတွေက အစ ကျွန်တော် မှားသည်။ အမှန်တော့ အာရုံသည် ငွေကြေးကို ချွေတာသည့် သဘောဖြင့် အဖိုးနည်း ၀န်ပါ “ပုံပုံ” စတိုးမှ ၀ယ်ယူ ၀တ်ဆင်ခြင်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော် သိရသည်။ လူငယ်ဆိုတာ ဘောင်းဘီပွပွ၊ တီရှပ်ဖားဖားနှင့် လွတ်လပ် ပေါ့ပါးစွာလည်း ပျံသန်းချင်သည့် အမျိုးပဲလေ။ အခုလို လူငယ်တစ်ယောက်၏ ကိုယ်နှုတ် အမူအရာ၊ စိတ်ဓာတ် ရေးရာများကို လင်းလင်းပြက်ပြက် သိမြင်လာချိန်မှာတော့ ကျွန်တော့်အမှားများ အတွက် ရှက်မိလာတာတော့ အမှန်ပါပဲ။

နောင်အခါ စိတ်၏ လန်းကြည်ရာ လက်ဖက်ရည်ဆိုင်ဘက်ကို ရောက်မိ လေတိုင်းလည်း အာရုံကို မြင်နေကျ ခေါက်ရိုး ကျိုးနေတဲ့ ပုံစံအတိုင်း တွေ့နေ ရတုန်းပါ။ ထိုအခါ ကျွန်တော် သူ့ကို စေ့စေ့ မကြည့်ဝံ့ဘဲ အကြည့်များ လွှဲဖယ် ထားနေရဆဲ။
သြော် ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့တာ ဘာများ ဆန်းပါမလဲ။

No comments:

Post a Comment