Thursday, December 10, 2009

အနှစ် နဲ့အကာ

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ထဲရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ
သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာဆီကို သွားလည်ကြပါတယ်။ ဆရာလည်း
တပည့်တွေကိုတွေ့ရတာ ၀မ်းသာအားရ ဖြစ်နေရှာ ပါတယ်။ ဆရာနဲ့
စကားလက်ဆုံပြောရင်း တပည့်တွေက သူ့တို့ရဲ့ လုပ်ငန်းခွင်နဲ့ဘ၀မှာ
ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်း ညည်းညူကြပါတယ်။ ဆရာက ပြုံးရုံပဲ
ပြုံးပြီး မီးဖိုခန်းထဲကနေ ပုံစံမျိုးစုံနဲ့ ခွက်တွေကို သွားယူလာပါတယ်။
ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ရိုးရိုးခွက်၊ ဈေးကြီးပြီး
ရှားပါးတဲ့ခွက် စတဲ့ခွက်မျိုးစုံပေါ့။ ဆရာက တပည့်တွေကို ကိုယ့်ဘာသာ
ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်ပါတယ်။
တပည့်တွေအားလုံး ရေတယောက်တခွက်စီ ရပြီးတဲ့အချိန်မှာ ဆရာက “သတိထားမိကြလား။
ခွက်တွေထဲက ဈေးကြီးတဲ့ လှတဲ့ ခွက်တွေကိုချည်းပဲ အားလုံးက ရွေးယူသွားပြီး
ကျန်တဲ့ပုံစံရိုးရိုးနဲ့ ဈေးပေါပေါခွက်တွေကို ထားခဲ့ကြတယ်။ ကိုယ့်အတွက်
အကောင်းဆုံးကိုပဲ လိုချင်ကြတာ သဘာဝပါ။ ဒါပေမယ့် အဲဒါကိုက မင်းတို့ပြောတဲ့
ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အရင်းအမြစ်ပဲ။ မင်းတို့ တကယ်လိုချင်တာက
ရေပဲလေ။ ခွက်မှ မဟုတ်တာ။ ဒါပေမယ့် အားလုံးက မသိစိတ်နဲ့
ပိုကောင်းတဲ့ခွက်တွေကိုပဲ ရွေးယူမိကြတယ်။”
“ဘ၀မှာလည်း ဒီလိုပဲ။ ဘ၀က ရေနဲ့တူပြီး အလုပ်တို့ ငွေကြေးတို့
လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက နေရာတစ်ခုတို့ ဆိုတာတွေက
ခွက်တွေနဲ့တူတယ်။ သူတို့ဟာ ဘ၀ကို ထိန်းသိမ်းထောက်ပံ့ဖို့အတွက်
အထောက်အကူပြုပစ္စည်းတွေ သက်သက်ပဲ။ သူတို့ကြောင့် ဘ၀ရဲ့ အနှစ်အရသာက
ပြောင်းလဲမသွားပါဘူး။ ဒါကြောင့် ခွက်တွေအပေါ်မှာပဲ
အမြဲတမ်းအာရုံစိုက်နေရင် အထဲမှာရှိတဲ့ ရေရဲ့အနှစ်သာရကို ခံစားဖို့
အချိန်ရလိုက်မှာ မဟုတ်ပါဘူး... ”

No comments:

Post a Comment