Friday, December 4, 2009

အချစ်ဥိးအတွက်

ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း ထိုငယ်ချစ်ဦးနှင့်ပတ်သက်သော
မေ့မရသည့် နေ့ရက် များစွာသည် လူတိုင်းတွင် ရှိနေလိမ့်မည်ဟုကျွန်တော် ထင်သည်။

ထို ပေါင်းဖက်ခွင့် မကြုံလိုက်ရသောငယ်ချစ်ဦးနှင့် မထင်မှတ်သည့်နေရာတွင်
မထင်မှတ်စွာ ဆုံတွေ့ လိုက်ရသည့် တစ်ခဏတွင် မိန်းမသားများက ဣနြေ္ဒရရ နှင့်
အမှားအယွင်းမရှိ ထိန်းသိမ်းပြောဆို နေထိုင်တတ် ကြသော်လည်း ကျွန်တော်တို့လို
အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများမှာ ထိုတစ်ခဏမှာပင် အယောင် ယောင် အမှားမှား
နှင့် ဖြစ်တတ်ကြသည်ကို မကြာခဏ ကြားရ၊ ကြုံရ ၊ မြင်တွေ့နေရသည်။

ကျွန်တော့် သူငယ်ချင်း ဘုတလင်နယ်သား ကိုသစ် ဆိုသူသည် ရည်းစားဟောင်း
နှင့်လက်ဖက်ရည်ဆိုင် တွင် ဆုံတွေ့လိုက်ရသော တစ်ခဏ၌ ရေနွေးမပါသော
အကြမ်းပန်းကန်လွတ်အား တဖူးဖူးနှင့် မှုတ်ကာ မော့သောက်ခဲ့ဖူးသည်။

မောင်တရုပ်ကြီး တစ်ယောက်ကတော့ ငယ်ချစ်ဟောင်းနှင့် ဆုံမိလေသော တစ်ခဏတွင်
စီးကရက်ကို ပြောင်းပြန်ခဲပြီး အစီခံကို မီးညှိကာ ဟန်ပါပါနှင့်
ဖွာရှိုက်ခဲ့ဖူးပါသည်။

ယောကြီးကတော့ ထိုသို့ မဟုတ်။ စားသောက်ဆိုင်မှ အထွက် ရည်းစားဦးတို့ လင်မယားကို
ထိပ်တိုက် တွေ့ဆုံရလေရာ ကသောကမျော နှုတ်ဆက်ပြီး ဆိုင်ကယ်ပေါ်တက်အခွတွင်
သူများဆိုင်ကယ်အား မှားခွမိသဖြင့် စကားအချေအတင်များခဲ့ရသည်။

ကူကူး ကျတော့ တစ်မျိုး ၊ ဘတ်စ်ကားစောင့်နေစဉ် မဆုံဆည်းလိုက်ရသော ရည်းစားဦးကို
ရုတ်တရက် တွေ့ဆုံလိုက်ရသဖြင့် ကယောင်ကတမ်း သွားဖြဲပြပြီး ရောက်လာသောကားပေါ် သို့
ကမန်းကတန်း တက်မိပြီးမှ ကားမှားစီးမိမှန်းသိရကာ ရှေ့မှတ်တိုင်တွင်
ပြန်ဆင်းခဲ့ရဖူးသည်။

ကျွန်တော်လည်း မဆုံဆည်းလိုက်ရသော ငယ်ချစ်ဦးကို မထင်မှတ်သည့်နေရာတွင်
မထင်မှတ်စွာတွေ့ဆုံ ခဲ့ရပါသည်။ ထိုနေ့သည် ချစ်ရသော " မေ " နှင့် ပတ်သက်၍
မေ့မရသော နေ့ ဖြစ်လာလိမ့်မည်ဟု ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့ပါ။

" မေ " နှင့် ပြန်လည်တွေ့ဆုံရသည့်နေရာကလည်း ..မြို့နယ် ဒေသန္တရ
ဆေးခန်းတွင်ဖြစ်သည်။ ထိုနေ့က ကျွန်တော် တုပ်ကွေးမိချင်သလိုလို ၊
ဖျားချင်သလိုလို ရှိသဖြင့် သူငယ်ချင်း ဒေါက်တာ တင့်ဆွေရှိရာ ဒေသန္တရ ဆေးခန်းသို့
လာပြသည်။ ဒေါက်တာ တင့်ဆွေက စမ်းသပ်မှုများ ပြုပြီး ဆေးစာရွက်ကလေးပေးကာ ပြောသည်။

" ကဲ …ဖိုးကျော် ..ဟောသည် စာရွက်ကို ယူသွား ၊ အပြင်ဖက်က အနီဝတ်
ဆရာမဆီကိုပြလိုက် ၊ လိုအပ် တာ

တွေ သူလုပ်ပေးလိမ့်မယ် …ကဲ နောက်တစ်ယောက်ဟေ့ …"

ကျွန်တော် ဆေးစာရွက်ကလေးကို ကိုင်ကာ
ဆေးကုသခန်းအပြင်ဖက်ယောင်ချာချာနှင့်ထွက်ပြီး အနီဝတ် နှင့် သူနာပြုဆရာမကို
ရှဖွေနေစဉ်မှာပင် တစ်ချိန်က ချစ်လှစွာသော " မေ " ကို မြင်တွေ့လိုက် ရခြင်း
ဖြစ်သည်။

" မေ " ကို မြင်တွေ့လိုက်ရခြင်း ဆိုသည်ထက် " မေ " ၏
ချောမောလှပသောမျက်နှာကလေးကိုမြင်တွေ့ လိုက်ရသည်ဟု ဆိုမှသာ မှန်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်ရှေ့တွင် ရှိနေကြသော အကျီင်္လက် များ
ကိုယ်စီပင့်လျှက် လက်မောင်းအား ဆေးထိုးရန် တန်းစီနေကြသည် အမျိုးသမီး သုံးလေးဦး
တို့၏ ဦးခေါင်းများ ပေါ် မှ ကျော်၍ " မေ "၏ ချောမောလှပသော မျက်နှာကလေးကို
အရင်ဆုံးတွေ့မြင်လိုက်ရခြင်းဖြစ်သည်။

တန်းစီရပ်နေကြသူတို့ဖြင့် ကွယ်နေသောကြောင့် " မေ " ၏ ကိုယ်ခန္ဓာအချိုးအစားသည်
အရင် အတိုင်း ဟုတ် ၊ မဟုတ် မသိရသော်လည်း မတိုမရှည်သော ဆံစနွယ်များ ၊
ရွှန်းလဲ့သော မျက်ဝန်းတို့မှာ အရင်အတိုင်း လှနေမြဲ ၊လှနေဆဲဖြစ်သည်ကို တွေ့ရသည်။

" အော် ….မေ ….မေ…..အရင်အတိုင်းပါဘဲလားကွယ် .."

သူမနှင့် ကျွန်တော်အကြားရှိ အမျိုးသမီးတစ်ယောက်ကို ဆင်မယဉ်သာ
ခြေလှမ်းနှုန်းထားဖြင့် ရှောင်ကွင်းလာနေသော " မေ " ကို ငေးမောကြည့်နေသော
ကျွန်တော့်မှာ လပြည့်ည လ၀န်းကြီးကို စောင့်မျှော်ရင်မောနေရသော
ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေမိသည်။ ထိုသို့ ရင်မောနေဆဲမှာပင်သူမနှင့်
ကျွန်တော် ကြားထဲရှိအမျိုးသမီးကို ရှောင်ကွင်းပြီးသည်နှင့် တပြိုက်နက်
ကျွန်တော်မြင်တွေ့လိုက်ရသော မြင်ကွင်း ကြောင့် ကျွန်တော့်ကို " မေ "
တွေ့မသွားစေရန် ဆုတောင်းရင်း ပြေးလမ်းကိုသာ ရှာမိတော့သည်။ အခြားတော့ မဟုတ်၊
လေများပြည့်တင်းကာ ပေါက်ကွဲလု ဆဲဆဲ ဖြစ်နေသည့် ပူစီဖောင်းကြီး ကဲ့သို့
ဖြစ်နေသော သူမ၏ ဗိုက်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ကွင်းဖဲတက်လာလျှင် ဒေါင်းတော့မည့်အချိန်တွင် ဘောင်ခတ်၍ တက်လာသည့် ဖဲအား ကွင်းဖဲ
ဟုတ် လေ နိုးနိုး နှင့် ရင်မောစွာ ပွတ်သပ်ကြည့်နေချိန်တွင်
နှုတ်ခမ်းမွှေးကားကားနှင့် ကင်းဖဲကြီးအား တွေ့မြင်လိုက်ရ သူပမာ ကျွန်တော် ဆတ်ကနဲ
တွန့်သွားသည်။

သည်မျှမကပါ ။ " မေ " ၏ လက်ကို ဆွဲလျှက်လိုက်ပါလာသည့်
ငါးနှစ်သားအရွယ်ကလေးငယ်ကိုပါ မြင်ရသည်၏ တစ်ခဏတွင် ကျွန်တော့်မှာ
နာရီစင်တံဆိပ်ဓာတ်ခဲကို ၀က်အူချောင်းအမှတ်ဖြင့် မြိုမိသူပမာ ရင်ဝတွင်
တစ်ဆို့ကြီးဖြစ်နေမိသည်။

အခြေအနေကို ရိပ်စားမိသည်နှင့် သူမ မမြင်အောင် ရှောင်ပုန်းရန် ကျိုးစားရင်း
ဆေးထိုးရန်တန်းစီနေသူ များအား အကာအကွယ်ယူ လိုက်သော်လည်း ကျွန်တော်
နောက်ကျသွားပြီဖြစ်သည်။ " မေ " ၏ အကြည့်က ကျွန်တော့်ထံသို့ ရောက်လာသည်။

တစ်လမ်းမောင်းသတ်မှတ်ထားရာလမ်းကိုမှ လမ်းပြောင်းပြန်မှားစီးမိသည့်
မော်တော်ဆိုင်ကယ်သမား တစ်ယောက် ရှေ့တည့်တည့်မှ ယာဉ်ထိန်းရဲနှင့် တိုးမိသည့်ပမာ
ကျွန်တော် ဖင်ကုတ်၊ခေါင်းကုတ် ဖြစ်နေ စဉ်မှာပင်

" ဟင် …နင် ဖိုးကျော် မဟုတ်လား …သေနာ ငါ့ကို မမြင်ချင်ယောင်ဆောင်ပြီး
လစ်ထွက်မလို့ပေါ့လေ "

" မေ " ကား အရင်အတိုင်းပင်။ အာပြဲကြီးနှင့်နှုတ်ဆက်သံကြောင့် အနီးရှိလူများ
လှည့်ကြည့်ကြသဖြင့် ကျွန်တော် အနည်းငယ် ရှက်သွားသည်။

" အဲ …မဟုတ်ပါဘူး ဟာ ..ငါလည်း နှုတ်ဆက်မလို့ ပါဘဲ …ဒါနဲ့ အလည်လာတာလား ..ဟင် "

" ဟဲ့ ..ဆေးခန်းကို အလည်လာပါ့မလားဟဲ့ ..ဗိုက်လာပြတာ ..နင်ကလေ အရင်အတိုင်းဘဲ
သိလား ..အူကြောင်ကြောင်နဲ့ "

ကျွန်တော် မွှန်ထူပြီးပြောမိသည်ကို မေ ရိပ်မိဟန်ရှိသည်။ ရယ်ကျဲကျဲနှင့်
ပြောလိုက်သော စကားသံအဆုံး တွင်တစ်ချိန်က ကျွန်တော်စွဲလန်းခဲ့ရသော
ပါးချိုင့်ကလေးနှစ်ခု ကို လှစ်ကနဲ မြင်လိုက်ရ သဖြင့် ဒိုင်း ကနဲ ရင်တွေ
ခုန်မိလိုက်သေးသည်။ နောက်တော့မှ " မေ " သည် နှုတ်ခမ်းမွှေး တစ်ကားကားနှင့်
ကင်းဖဲတစ်ချပ် ဖြစ်ကြောင်း သတိရ ကာ ရင်ခုန်သံ ပုံမှန်ဖြစ်သွားတော့သည်။

ဆက်တိုက် မေးလာမည့် " မေ " ၏ မေးခွန်းများကို ဖြေဆိုရန် ကျွန်တော်၌
ခွန်အားမရှိတော့ပါ။ နင် အိမ်ထောင်ကျပြီးပြီလား ၊ ကလေးဘယ်နှစ်ယောက် ရပြီလဲ
စသည်ဖြင့် မေးလာတော့မှာ သေခြာသည်။ ကျွန်တော်ကား " မေ " နှင့် လွဲခဲ့ပြီးနောက်
ချစ်သူရည်းစားပင် ထားခဲ့သူ မဟုတ်။ " မေ " ၏ နောက်ဆက်တွဲ မေးခွန်းများ ထွက်မလာမီ
ဆေးမြန်မြန်ထိုး ၊ သောက်ဆေးမြန်မြန်ယူပြီး ထိုနေရာမှ လစ်ထွက်ချင်နေပြီဖြစ်သည်။

ထိုစဉ်မှာပင် ရှေ့မှ အမျိုးသမီးကို ဆေးထိုးပြီးသွားသဖြင့် ကျွန်တော်လည်း
အကျီင်္လက်ကို ပင့်ကာ လက်မောင်းအားဆေးထိုးရန် ခါးထောက်ပေးလိုက်သည်။ ဆရာမ က
ကောင်တာဖက်သို့ လှည့်ကာ ဆေးထိုးအပ် နှင့် ဆေးကို စုပ်ယူနေဆဲဖြစ်သည်။ အမှန်က
ကျွန်တော်သည် ဆေးထိုးခံရမည်ကို လှံနှင့် ထိုးခံရ မည့်အလား
ကြောက်တတ်သူပင်ဖြစ်ပါသည်။ ယခု ငယ်ချစ်ယောင်း၏ ရှေ့မှောက် မှာတော့ စစ်သူကြီး
မဟာဗန္ဓုလ ခါးထောက် ရပ်နေသည့် ကြေးရုပ်တုကြီးပမာ ရဲစွမ်းသတ္တိအပြည့်ဖြင့်
ခေါင်းမော့ ရင်ကော့ ထားမိသည်။

ဆရာမက ကျွန်တော့် လက်မောင်းအား အရက်ပျံဆွတ်ကာ ဆေးထိုးရန်ပြုပြီးမှ သေခြာကြည့်
နေသဖြင့်

" ဟာ …ဆရာမ ထိုးမှာဖြင့် မြန်မြန်ထိုးဗျာ " ဟု အလောတကြီးပြောလိုက်မိသည်။

ကျွန်တော့် စကားအဆုံးတွင် မူလ က မှေးနေသော ဆရာမ၏ မျက်လုံးများသည် မှေးရာမှပြူး
၊ ပြူးရာမှ ကျယ်၊ ကျယ်ရာမှ …အဲ ကျယ်ရာမှ ဘာဖြစ်သွားသည်မသိ။

" အမလေး ….ရှင် …ရှင် …ဟင် ယောကျာ်းကြီး .."

" ဟမ် "

" ဒါ …ဒါ ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးပေးနေတာရှင့် ..ရှင်သွားရမှာက
ဟိုဘက် ကောင်တာမှာ .."

" ဟိုက် "

သည်တော့မှ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို သတိထားမိတော့သည်။ ဗိုက်ကြီး၊ ဗိုက်လတ်၊
ဗိုက်ငယ် စသည်ဖြင့် ဗိုက်ဆိုက်စုံတို့၏ အလယ်တွင် ကျားကျားလျားလျား
ကျွန်တော်တစ်ယောက်တည်းဖြစ်နေသည်။

ဗိုက်ပဒေသာတို့၏ ရယ်မောသံတို့အားနောက်ချန်ထားလျှက် ဆေးခန်းအတွင်းမှ
ပြေးထွက်လာခဲ့ မိတော့သည်။ ရယ်မောသံတို့ အနက် " မေ " ၏ ရယ်မောသံမှာ
အကျယ်လောင်ဆုံးဖြစမည်မှာ သေချာ လှသည်။

ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း ထိုငယ်ချစ်ဦးနှင့်ပတ်သက်သော
မေ့မရသည့် နေ့ရက် များစွာ သည် လူတိုင်းတွင် ရှိနေလိမ့်မည်ဟု ကျွန်တော်ထင်သည်။
နေ့ရက်များစွာတို့ အနက်မှ ထိုတစ်နေ့သည် ချစ်ရသော " မေ " နှင့် ပတ်သက်၍
မေ့မရသောနေ့ ဖြစ်လာလိမ့်မည် ဟု ကျွန်တော် လုံးဝထင်မှတ် မထားခဲ့ပါချေ။

No comments:

Post a Comment