Monday, December 7, 2009

ကောသလမင်း အိပ်မက် (၁၆)ချက်

ဖတ်ခဲ့ရတဲ့ ကောသလမင်းရဲ့ အိပ်မက် (၁၆)ချက် ကို သူငယ်ချင်းတို့အား မျှဝေပေးလိုက်ပါတယ်နော်...........

ကောသလမင်း အိပ်မက် (၁၆) ချက်

၁။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊
မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊
အရှေ့ ၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊
ခြိမ်းသံပေး မိုးဝေးလွင့် ပျောက်စင်။

၂။ မြေက မကြွ ငယ်လှသစ်ပင်၊
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြိုင်၊
အရွယ်မမျှ ပျိုမ မယ်ခင်၊
သမီးသား လင်သား အိမ်ထောင်ချင်။

၃။ ယနေ့ဖွားစ နွားမနို့သာ၊
မိခင်နွားကြီး စို့ပြီး နေရှာ၊
သမီးနှင့် သား စီးပွားပိုင်ရှာ၊
မိနှင့်ဘ ကျွေးမှ စားရမှာ။

၎။ နွားကြီးမကြိုက် ဝင်တိုက်နွားငယ်၊
မရုန်းနိုင်ဘဲ ဝပ်လဲနေတယ်၊
ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊
တိုင်းပြည်ရေး ရှုပ်ထွေး ပွေတော့မယ်။

၅။ ခံတွင်းနှစ်ခွ များလှ ရာဇာ၊
ကျွေးကျွေးသမျှ မဝနိုင်ပါ၊
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊
နှစ်ဖက်စား တရားစီရင်မှာ။

၆။ ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊
ကျင်ငယ်အမြဲ ခွက်ထဲ ဖွန့်ပြန်၊
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊
အမျိုးယုတ် လင်လုပ် ပေါင်းဖက်ဆံ။

၇။ ရှေ့ကကျစ်ချ လွန်စကြိုးကို၊
ခွေးမ ခိုးစား ကိုက်ဝါးကာ မျို၊
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊
လင်မြှောက်အား မယားလောကွတ်ပို။

၈။ အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ၊
အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊
ဆင်းရဲသူများ ဝတ်စားမကျန်၊
အခွန်တွက် နှိပ်စက် ငွေတောင်းခံ။

၉။ ကြာမျိုးငါးဝ ပွင့်ကြရေကန်၊
ရေလယ်နောက်လျက် ကမ်းဘက်ကြည်ပြန်၊
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊
မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။

၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊
ထမင်းမာဆတ် ပျော့နပ် သုံးလီ၊
မင်းကျင့်လူများ တရားမမှီ၊
မိုးသုံးစား ကွက်ကြားရွာချမည်။

၁၁။ မွှေးပျံ့နံကြူး စန္နကူးသိန်းတန်၊
ပုန်းရည်နှင့်လဲ သုံးစွဲခါပြန်၊
အလဇ္ဇီများ တရားဖိုးတန်၊
ငွေနှင့် ပုလဲ အမြဲဟောမည်မှန်။

၁၂။ သံကြေးမပေါင်း ဘူးပေါင်းဘူးအုံ၊
ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ၊
ပညာရှိများ စကားဥဿုံ၊
ပြောသမျှ လောက မသုံးကုန်။

၁၃။ အိမ်လုံး တောင်လုံး ကျောက်တုံးကျောက်ဖျာ၊
ရေမှဘွားဘွား ထင်ရှားပေါ်လာ၊
ရဟန်းရှင်ဆိုး လူဆိုးများသာ၊
ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်သာ။

၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊
ဖားငယ်မက ကိုက်ဝါးကာမျို၊
ကညာယူထား သက်ကြားဖိုးအို၊
မယားဆဲ အမြဲအော်ငေါက်ဆို။

၁၅။ အဆင်းမည်းနက် ကျီးငှက်ထံမှာ၊
ရွှေဟင်္သာများ ခစားနေပါ၊
ပညာသီလ ပြည့်ဝသူဟာ၊
သူယုတ်အား ဝပ်တွားနေရမှာ။

၁၆။ ဆိတ်ကိုမြင်ငြား ကြောက်အား ပြင်းထန်၊
ခြင်္သေ့၊ သစ်၊ ကျား ခုန်လွှား ပြေးပြန်၊
သူယုတ်မာများ ထောင်လွှားနိုင်ငံ၊
သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ။ ။

No comments:

Post a Comment